ခေတ်အဆက်ဆက် ရိုးမသွားမယ့် ဆံပင်ပုံစံများ

ဆံပင်ဆိုတာ လူတစ်ယောက်က ကိုယ့်ကိုကြည့်တာနဲ့ ထင်းကနဲမြင်တဲ့ အစိတ်အပိုင်းဖြစ်တဲ့အလျောက် ဒီတစ်ခေါက်တော့ မိတ်ဆွေတို့အတွက် သန့်သန့်ပြန့်ပြန့်နဲ့ ဘယ်အချိန်ဖြစ်ဖြစ် ရိုးမသွားနိုင်တဲ့ ခေတ်အဆက်ဆက် ထားခဲ့ကြတဲ့ ဆံပင်ပုံစံတွေအကြောင်းကိုပြောပြသွားမယ်နော့။ 👌👌

ဖတ်ပြီးရင်တော့ နောက်တခါ ဘာကေညှပ်ရင်ကောင်းမလဲ လိုက်ရှာနေစရာမလိုတော့ပဲ ဘယ်အချိန်ဖြစ်ဖြစ် တောက်ပြောင်နိုင်ဖို့ အထောက်အကူပြုမှာပါ။

စလိုက်ကြရအောင်ဗျာ...

အရင်ဆုံးအနေနဲ့ ဆံပင်ဘယ်ပုံထားရင်ကောင်းမလဲဆိုတာကို မရွေးခင်မှာ သင်အရင်ဆုံးဖြတ်ရမှာကတော့ ဘေးနဲ့အနောက်တွေကို အရှည်ထားမလား အတိုထားမလားဆိုတာပါပဲ။ 🤔

Photo: Google

အတိုဆိုတာကတော့ အခုခတ်စားနေတဲ့ ပေါ့ပေါ့ပါးပါး၊ ဘေးနဲ့ အနောက်ကို 1/2/3 လောက်နဲ့ထိုးထားတဲ့ Undercut နဲ့ Fade တွေပေါ့နော်။ 👈

 နေ့စဉ်ခေါင်းလျှော် အခြောက်ခံမြန်ဆန်ပြီး လွယ်လွယ်ကူကူထားနိုင်ပါတယ်။ တစ်ခုရှိတာကတော့ ညှပ်ပြီး တစ်လကျော်ကျော်လောက်ရောက်လာရင် ထိုးထိုးထောင်ထောင်နဲ့ ရှည်ထွက်လာတတ်ကြတာမို့ သူ့ကိုမကြာခဏတော့ ဆံပင်သွားညှိပေးဖို့တော့လိုတယ်ဗျ။ ✔️

 အရှည်ဆိုတာကတော့ အပေါ်က Leonardo လိုမျိုး ဘေးနဲ့အနောက်ကို အရှည် သုံး၊ လေးလက်မလောက်ကစရှိပြီး Classic Gentleman Look ကိုပေးတဲ့ပုံစံမျိုးပါ။ 👈

 ခေါင်းလျှော်အခြောက်ခံတဲ့ အခါတွေမှာ မိနစ်အနည်းငယ်အချိန်ပိုယူတတ်ကျပေမဲ့၊ ဆံပင်ညှပ်ဆိုင်ကိုတော်ရုံသွားစရာမလိုပဲ နှစ်လသုံးလလောက်အထိ အေးဆေးထားလို့ရတယ်ဗျ။ ဘေးဆံပင်တွေကို အောက်မကျအောင် သိမ်းပေးထားနိုင်တဲ့ Strong Hold ခေါင်းလိမ်းဆီတော့လိုပါလိမ့်မယ်။✔️

ဒီအရှည်အတိုကိုတော့ ကိုယ့်ရဲ့ နေ့စဉ် Lifestyle နဲ့လိုက်ပြီးရွေးချယ်ပေးရတာပေါ့ဗျာ။ တခါတလေကြတော့လည်း ကိုယ်ထားချင်တာသာထားပလိုက် တဖြည်းဖြည်းနဲ့ အလေ့အကျင့်ဖြစ်သွားတာပေါ့လေ။ နေ့စဉ်သုံး လက်နက်တွေဖြစ်တဲ့ ခေါင်းလိမ်းဆီကောင်းကောင်းတစ်ဗူးနဲ့ ဘီးတစ်ချောင်းရှိရင် မိတ်ဆွေတို့ဆီ ဘာလာလာ ဒေါင်းနိုင်ပါပြီ။ 💪💪

 အရှည်အတိုကိုစဉ်းစားပြီးပြီဆိုရင်တော့ ခေတ်အဆက်ဆက် အထာကျနေတဲ့ ဆံပင်စတိုင်တွေကိုဆက်ပြောကြတာပေါ့ဗျာ။

၁။ Side Part (သို့) ဘေးခွဲ

Photo: Google

ဒီတိုင်းပဲဗျာ အဘိုးခေတ်၊ အဖေခေတ်ကတည်းက ဆံပင်ကိုဘေးခွဲ (ကြိုက်တဲ့ဖက် ကြိုက်သလောက်ခွဲ) ခွဲလာခဲ့ကြတာပါ။ 😁😁 ဘေးခွဲထားမယ်ဆိုရင်တော့ တည်တည်ငြိမ်ငြိမ်နဲ့ ဘယ်တော့မှမှားတယ်ဆိုတာမရှိပါဘူး။ လူတိုင်းနီးပါးနဲ့ လိုက်ဖက်ပြီး ကိုယ့်ရဲ့ဘိုးဘေးဘီဘင်တွေခေတ်က စထားလာတာဆိုတော့ Classic ဖြစ်မဖြစ် အထွေအထူးပြောနေစရာမလိုတော့ပါဘူး။ 💯

အရှေ့ကဆံပင်ကို ကိုယ့်ရဲ့ဆံပင်အပျော့အမာ အပေါ်မူတည်ပြီး၊ ခွဲရလွယ်ကူတဲ့အရှည် ညှပ်ပေးသင့်ပါတယ်။ အနောက်ကဆံပင်တွေကိုခွဲတဲ့အခါ အရမ်းအရှည်ကြီးကျမနေဖို့ အရှေ့ကနေ အနောက်ကို တဖြည်းဖြည်းတိုသွားသင့်ပါတယ်။ ဘေးနဲ့ အနောက်ကိုလည်း Undercut ပဲဖြစ်ဖြစ် အရှည်ပဲထားထားလိုက်ဖက်ပါတယ်။ ပုံသွင်းရတာလဲ အထွေအထူးမရှိပဲ ဆီလိမ်း၊ ဘီးနဲ့ခွဲကြောင်းလေးပေးပြီး သေချာပိပိရိရိ ခွဲဖြီးလိုက်ရင်ရပါပြီ။

မိတ်ဆွေတို့မှာ ပုံမှန်အားဖြင့် သဘာဝခွဲကြောင်းရှိတတ်ကြတာမို့ ဆံပင်သွားညှပ်တဲ့အခါကြရင်တော့ ကိုယ်ခွဲလိုတဲ့နေရာကို သေချာပြောပေးရပါတယ်။ ကိုယ့်ဆံပင်အကြောင်း ကိုယ်အသိဆုံးကိုး။ ခွဲနေကြနေရာနဲ့လွဲပြီးညှပ်လိုက်တဲ့အခါ ပုံမှန်အတိုင်းပြန်ဖြီးရင် ဟိုနားကဖောင်း ဒီနားကမညီတွေဖြစ်တတ်ကြပါတယ်။ 👍

၂။ Slicked Back (သို့) လှန်ဖြီး

Undercut vs Long Sides Slicked Back (Photos: Google)

၁၉၂၀ ခုနှစ်လောက် အနောက်တိုင်းမှာ စခေတ်စားခဲ့ပြီး၊ အဲ့ခေတ်က ဦးထုပ်ဆောင်းကြတဲ့အတွက် ဆောင်းတဲ့အချိန်မှာတောင် ကေမပျက်အောင် ထားကြတဲ့ ဆံပင်ပုံစံပဲဖြစ်ပါတယ်။ 😱 ရန်ကုန်က ဘော်ဒါတွေအတွက် သိပ်မသိသာပေမယ့် မန္တလေးနဲ့ တခြားဆိုင်ကယ်စီးလို့ရတဲ့မြို့တွေမှာတော့ "ကေပျက်မှာစိုးလို့ မော်တော်ပီကယ် ဖမ်းရင်ဖမ်း ၊ ဦးထုပ်တော့ မဆောင်းဘူးကွာ" ဆိုတဲ့ ပြဿနာကို အထိရောက်ဆုံးဖြေရှင်းပေးနိုင်မယ့် ကေလို့လည်း ညွှန်းပါရစေ။ 😏😏

ဒီဆံပင်ထားဖို့ညှပ်မယ်ဆိုရင်တော့ အရှေ့ဆံပင်ကို လှန်ဖြီးဖို့အတွက် အနေတော်အရှည်လောက်ရှိဖို့အရေးကြီးပါတယ်။ အရမ်းတိုရင်လည်း လှန်လို့မရပဲ ထောင်သွားနိုင်သလို၊ အရမ်းရှည်သွားရင်လည်း အနောက်မှာ သက်သက်ကြီးထွက်နေပြီး ကြည့်ရဆိုးပါတယ်။ ဘေးနဲ့ အနောက်ကိုလည်း Undercut ပဲဖြစ်ဖြစ် အရှည်ပဲထားထားလိုက်ဖက်ပါတယ်။ Undercut ဆိုရင်တော့ ခေတ်ဆန်ဆန် တက်တက်ကြွကြွလူငယ် ဒီဇိုင်းကာလာဘာညာရနိုင်ပြီး၊ အရှည်နဲ့ဆိုရင်တော့ Godfather ဒီဇိုင်းနဲ့ ဂေါ်နိုင်မှာပါ။ 🙌

ဒီဆံပင်ကို ဖြီးတော့မယ်ဆိုရင်တော့ Pomade တစ်ဗူးနဲ့ ဘီးတစ်ချောင်းပဲလိုအပ်မှာပါ။ Pomade ကိုသေချာနှံ့အောင်လိမ်းပေးပြီး ဘီးနဲ့လှန်ဖြီးရုံပါပဲ။ မျက်နှာနဲ့ လိုက်ဖက်အောင် အရှေ့ကိုမြင့်မြင့်လေးလှန်ဖြီးလို့လည်းရပါတယ်။ တချို့ သဘာဝခွဲကြောင်းက အလယ်မှာရှိတတ်သူတွေအတွက်ကတော့ တည့်တည့်လှန်ဖြီးလည်း ဆံပင်ကပြန်ခွဲသွားတတ်တဲ့အတွက် Strong Hold Pomade ကောင်းကောင်းနဲ့ ဖြီးဖို့လိုပါတယ်။

မျက်နှာပုံစံ တော်တော်များများနဲ့ လိုက်ဖက်ပြီး မုတ်ဆိတ်နဲ့ နှုတ်ခမ်းမွှေးထားတတ်တဲ့ သူတွေအတွက် ပိုပြီးထင်ပေါ်စေပါတယ်။ သတိထားရမှာတစ်ခုက ကိုယ်နဲ့လိုက်ဖက်မဲ့အနေအထားကို ဖြီးနိုင်ဖို့အတွက် စမ်းသပ်ဖြီးပေးရပါတယ်။ ချက်ချင်းလုပ် ချက်ချင်းရမယ့် ဟပ်ချလောင်းပုံစံမျိုးတော့ မဟုတ်ပါဘူး။ 💯

၃။ Quiff (သို့) အထောင်ဖွ

Undercut Quiff vs Long Sides Retro Quiff (Photos: Google)

Quiff ကတော့ ပေါ့ပေါ့ပါးပါးနဲ့ အထာကျကျ Casual Hair Style ပါ။ သူ့ရဲ့အဓိက အချက်ကတော့ နဲနဲဖွပေးထားရတာပါပဲ။ ကမ္ဘာစစ်တွေပြီးသွားတဲ့အချိန်မှာ စစ်မှုထမ်းစရာမလိုတော့တဲ့အလျောက် ဆံပင်ကိုစပြီးထူထူထဲထဲထားလာကြတာပါ။ 🤗

ဆံပင်ညှပ်တဲ့အခါမှာတော့ အခုခေတ်ပုံစံအတိုင်း အရှေ့ရှည်ပြီး ဘေးနဲ့အနောက်ကိုတော့ Undercut နဲ့ပိုလိုက်ဖက်မယ်ထင်ပါတယ်။ 80s Retro Look မျိုးလိုချင်မယ်ဆိုရင်တော့ ဘေးနဲ့အနောက်ကို အရှည်ထားလိုက်နိုင်ပါတယ်။ သတိပြုရမှာကတော့ အရှေ့ဆံပင်ကိုအရမ်းရှည်အောင်ထားလိုက်မယ်ဆိုရင် ဆံပင်အလေးချိန်ကြောင့် အပြင်ထွက်တဲ့အခါ အိကျလာပြီးပုံပျက်သွားနိုင်ပါတယ်။ ✔️

Quiff ကိုဖြီးဖို့အတွက်တော့ နဲနဲအချိန်ယူရပါတယ်။ ဆံပင်ပုံစံက ထူထူထဲထဲ Volume နဲ့ ထောင်ဖို့လုပ်ရလို့ သူ့အတွက်အရေးပါဆုံး လက်နက်ကတော့ Blow Dryer ကောင်းကောင်းတစ်ခုနဲ့ Hair Brush ပါပဲ။ ခေါင်းလျှော်ပြီးဖြစ်ဖြစ် ဆံပင်ရေအနည်းငယ်စိုနေချိန်မှာ ခေါင်းလိမ်းဆီလိမ်းပေးပြီး၊ ဆံပင်ညှပ်ဆိုင်တွေသွားတဲ့ အခါကြရင် ဆံပင်ကိုလိပ်ပြီး Dryer နဲ့မှုတ်ပေးသလိုမျိုး အခြောက်ခံ လှန်ပေးရပါတယ်။ ပြီးသွားတဲ့အချိန်မှာ ဆံပင်ကအတော်ပုံကျနေပါပြီ။ ဒီတော့မှ အပြီးသက်အနေနဲ့ ခေါင်းလိမ်းဆီနဲနဲယူပြီး လက်နဲ့အသာအယာလေး ဖွဖြီးပေးနိုင်ပါတယ်။ 🔥🔥


၎။ Pompadour (သို့) အမောက်

Pompadour vs Side Part Pompadour (Photos: Google)

ကျွန်တော်တို့ယောကျာ်းလေးတွေလည်း တကယ်တော့ ခေတ်အဆက်ဆက် ဆံပင်အမောက်တွေ ထောင်ခဲ့ကြတယ်ဗျ။ Pompadour ဆိုတဲ့ဆံပင်က Elvis Presley တို့ထားခဲ့တဲ့အတွက် နာမည်ကြီးခဲ့ပေမဲ့၊ အမှန်တကယ်တော့ ၁၈ရာစု ပြင်သစ်ဘုရင်ကြီး King Louis XV ရဲ့ Chief Mistress ဖြစ်တဲ့ Madame du Pompadour ကအမောက်ကို ညှပ်တွေနဲ့ထိုးပြီးစလာခဲ့တာလို့ ဖတ်ရတယ်ဗျ။

Classic ဖြစ်ချက်ကိုပြောပါတယ်။ 😝😝

Pompadour ဆိုတာ ရှေ့ကအမောက်ထောင်နေပြီး အနောက်ဆံပင်တွေကို တဖြည်းဖြည်းဆင်းသွားတဲ့ ပုံစံပါ။ ဆံပင်ညှပ်ပုံအနေအထားကတော့ Quiff နဲ့တူတူလောက်သွားနိုင်ပြီး။ ဘေးနဲ့အနောက်ကိုတော့ Undercut ပဲဖြစ်ဖြစ် အရှည်ပဲဖြစ်ဖြစ် လိုက်ဖက်ပါတယ်။ Pompadour ကို တည့်တည့်ထောင်ပြီး Rockstar ဒီဇိုင်းဖမ်းနိုင်သလို၊ ဘေးခွဲလေးသိမ်းပြီး သပ်သပ်ရပ်ရပ်နဲ့လည်းထားနိုင်တယ်ဗျ။ 💪

သူ့ကိုဖြီးရပုံကတော့ Quiff လောက်အချိန်မယူပေမဲ့၊ အမောက်ပုံစံကျအောင် သေသေချာချာတော့ဖြီးပေးရပါတယ်။ သူ့အတွက် အဓိကလက်နက်က ဖြီးရင်ခြောက်သွားခြင်းမရှိတဲ့ Pomade ခေါင်းလိမ်းဆီနဲ့ ဘီးကောင်းကောင်းတစ်ချောင်းပါ။ ✔️

ဖြီးတော့မယ်ဆိုရင်တော့ အရင်ဆုံးခေါင်းလိမ်းဆီနှံ့အောင် လိမ်းပေးပြီး၊ ဆံပင်ကိုအနောက်လှန်ဖြီးလိုက်ရပါတယ်။ ဘေးခွဲအမောက်လေးနဲ့ပဲ တည်တည်ငြိမ်ငြိမ်နေချင်ရင်တော့ ခွဲကြောင်းလေးပေး၊ အရှေ့ကအမောက်နေရာကိုချန်ပြီး ခွဲလိုက်ပါ။ ကေအကြမ်းဆုံးဖြစ်ချင်လို့ အမောက်ကိုတည့်တည့်ထောင်ချင်ရင်တော့ တစ်ဖက်ကိုအရင် ခွဲကြောင်းလေးပေးပြီး ဘေးတစောင်းလှန်ဖြီးလိုက်ပါ။ ပြီးသွားရင် လက်ရှိခွဲကြောင်းရဲ့ ဆန့်ကျင်ဘက်ကနေ ခွဲကြောင်းလေးထပ်လုပ်၊ အမောက်နေရာချန်ထားပြီး ဘေးခွဲအတိုင်းပြန်ပြီးဖြီးလိုက်ရင် အရှေ့မှာ တည့်တည့် Pompadour စတိုင် အမောက်လေးထွက်လာပါလိမ့်မယ်။ နောက်အဆင့်ကတော့ အမောက်ကို ကိုယ်လိုချင်တဲ့ အမြင့်နေရာလောက်မှာ လက်ဖဝါးနဲ့ ဖွဖွဖိထားပြီး၊ ဘီးနဲ့ဆံပင်ကိုအပေါ်ဆွဲဖြီးပေးပါ။ နောက်ဆုံးအဆင့်အနေနဲ့ ဘေးဘက်နဲ့အနောက်ကိုလည်း သပ်သပ်ရပ်ရပ်ဖြစ်အောင်သိမ်းပေးလိုက်ပါ။ အဲ့လိုဆိုရင်တော့ အထာကျတဲ့ Pompadour ဆံပင်ကေထွက်လာပါပြီ။ 💯

Pompadour ကို ဖြီးတဲ့နေရာမှာ စစခြင်းတော့ စမ်းတဝါးဝါးနဲ့မို့ ခက်ခဲပါတယ်။ တဖြေးဖြေးနဲ့ ကိုယ့်ဆံပင်နဲ့ကိုက်မဲ့ နည်းလမ်းမှန်လာရင်တော့ တော်ရုံသူတွေမဖြီးနိုင်တဲ့ ကေဖြစ်တဲ့အတွက် ဂုဏ်ယူဝင့်ကြွားနိုင်ပါတယ်။ 😎

၅။ Buzz Cut (သို့) စစ်တပ်ကေ

Buzzcuts (Photo: Google)

ဒီဆံပင်ပုံစံကတော့ ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုလောက်ပဲ ရင်းနှီးပြီးသားဖြစ်ကြမှာပါ။ ကျွန်တော်တို့ စစ်တပ်ကေပဲခေါ်ခေါ် ပဲဟင်းကေပဲခေါ်ခေါ် ဘယ်နာမည်တွေပဲပြောင်းပြောင်း ကတုံးဆံပင်ပေါက်ကေ (လက်နဲ့ ဆံပင်ကိုဆွဲစုပ်ကိုင်လို့မရတဲ့အနေအထား) က ခေတ်အဆက်ဆက် ထားခဲ့ကြပါတယ်။ 💯

ဒီဆံပင်က အလုပ်ရှုပ်အသက်သာဆုံး ဖြစ်ပြီး ဘာ Styling မှလုပ်စရာမလိုပါဘူး။ ထိန်းသိမ်းဖို့လား မလိုဘူး။ ခေါင်းလျှော် အခြောက်ခံ ထွေထွေထူးထူးလုပ်စရာမလိုပဲ ဖုတ်ဖက်ခါပြီးထသွားနိုင်ပါတယ်။ သူက မျက်နှာ လေးထောင့်ရှိတဲ့သူတွေ နဲ့ ဘဲဥပုံမျက်နှာပိုင်ရှင်တွေအတွက် သင့်တော်ပါတယ်။ မျက်နှာဝိုင်းတဲ့သူတွေအတွက်က ပိုဝိုင်းသွားစေတဲ့အတွက် မညှပ်ပါနဲ့။ အဲ ... မုတ်ဆိတ်ရှည်ပိုင်ရှင်တွေအတွက်တော့ လုံးဝ လုံးဝ မလိုက်ဖက်တဲ့ ဆံပင်ပါဗျ။

ပုံတွေမှာပြထားတာတွေမှ ဒီကေအစစ်အမှန်ဆိုပြီးမဟုတ်ပါဘူး။ ကိုယ်နဲ့လိုက်ဖက်ဖို့ ဖြီးပုံခြင်းမတူကြတဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက်ပုံစံကွာဟချက်လေးတွေရှိကြပါတယ်။ မိတ်ဆွေတို့ စိတ်ဝင်စားတဲ့ စတိုင်တွေကို Google မှာဝင်ရှာပြီး ကွဲပြားမှုတွေကိုတွေ့နိုင်ပါတယ်။

ဒီလိုဆိုရင်ဖြင့် ဘော်ဒါတို့ ကိုယ်နဲ့ ကိုက်ပြီး ခေတ်မဟောင်းသွားတဲ့ Hair Style ကို ဂေါ်ချင်၊ ကြမ်းချင်လို့ပဲဖြစ်ဖြစ်၊ နေ့စဉ်အတွက် အဆင်ပြေချင်လို့ပဲဖြစ်ဖြစ် လိုက်ဖက်သလိုဖတ်ရှုပြီး ရွေးချယ်လို့ရပါပြီ။ 👌

ဒီကနေ့တော့ ဒီလောက်နဲ့ပဲရပ်ကြမယ်ဗျာ။

ဒီလို အမျိုးသားတို့ ကြည့်ကောင်းဖို့ အကြောင်းအရာတွေ နှစ်သက်တယ်ဆိုရင်တော့ ကျနော်တို့ Facebook Page ကို 👍 Like and Follow 👍 လုပ်ထားဖို့အကြံပြုမယ်နော့။

---------------------------------------------

ကိုယ်သွားမဲ့ ကေကိုရွေးပြီးပြီဆိုရင်တော့

လိုအပ်တဲ့ ခေါင်းလိမ်းဆီအတွက် စိတ်မပူပါနဲ့ မိတ်ဆွေ! 🤗

မိတ်ဆွေတို့ရဲ့ နေ့တိုင်းရွှိုင်းရမဲ့လိုအပ်ချက်များ အဆင်ပြေဖို့အတွက်...

အရည်အသွေးမြင့်ခေါင်းလိမ်းဆီအမျိုးမျိုးနှင့် ဆက်စပ်ပစ္စည်းအမျိုးမျိုးကို

ကို

🎩The Myanmar Gentlemen Supplies

🎩 Myanmar's First Men's Grooming Webstore တွင်စတင်၍ မှာယူနိုင်ပါပြီ။

---------------------------------------------

ဝယ်ယူမှုများကို

🌎Webstore: www.mmgents.com

📱Facebook Messenger: www.m.me/mmgents အစရှိသည်တို့မှဆက်သွယ်မှာယူနိုင်ပြီး၊

🚚Home Delivery (YGN, MDY | 2-5 days)

💰Cash on Delivery (YGN | MDY) တို့ဖြင့်လဲဝန်ဆောင်မှုများရှိပါတယ်။

နယ်မြို့များကိုလဲ ငွေကြိုလွှဲပြီး ကားဂိတ်အရောက်ပို့ဆောင်ပေးပါတယ်။

#mmgents နှင့်အတူ ပုံမှန်များထဲမှ ဖောက်ထွက်လိုက်ပါ။


Older Post Newer Post